ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်မှာ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကိစ္စ အသေးစိတ်ကို ဆွေးနွေးခဲ့ကြပါတယ်။

ကေအန်ယူအထွေထွအတွင်းရေးမှူး နော်စီဖိုးရာစိန် (ဓာတ်ပုံ - ရိုက်တာ)
ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ ကေအန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက ရှင်းပြပါတယ်။
“ကျမတို့ဆွေးနွေးခဲ့တာ အဓိကအချက်ကတော့ ခိုင်မာတဲ့အပစ်အခတ် ရပ်စဲရေးကို အကောင်အထည် ဖော်နိုင်ဖို့ပဲဖြစ်ပါတယ်။ အဓိက ဆွေးနွေးခဲ့တဲ့ အချက်ကြီး ၄ ချက်ရှိတယ်။ ဒီအချက်ကြီး ၄ ချက်ပေါ်မှာမှ အသေးစိတ် ဆွေးနွေးပြီးတော့ သဘောတူညီချက်တချို့ကို ချမှတ်နိုင်ခဲ့ပါတယ်။ ပထမအချက်က နှစ်ဦးနှစ်ဖက် အပစ်အခတ် တိုက်ခိုက်မှု ရပ်ဆိုင်းဖို့၊ ဒုတိယအချက်က သတ်မှတ်သော ဒေသမှအပ အခြားသို့ လက်နက်ဖြင့် သွားvmခြင်း မပြုဖို့ကိစ္စ၊ တတိယက နှစ်ဖက်သဘောတူညီမှု ရရှိထားသော သတ်မှတ်နေရာများမှာ နေထိုင်ရန်ကိစ္စ၊ စတုတ္ထအချက်က ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူတဲ့ သင့်တော်ရာ နေရာများမှာ လက်နက်မပါဘဲ ထားရှိရန်တို့ ဖြစ်ပါတယ်။”
တဖက်နဲ့တဖက် လက်နက်ကိုင်ဆောင်ခွင့်ရတဲ့နယ်မြေနဲ့ မရတဲ့နယ်မြေတွေကို နှစ်ဖက်စလုံးက ဆွေးနွေးညှိနှိုင်းပြီး နောက်ပိုင်းတွေ့ဆုံတဲ့အခါ သတ်မှတ်မယ်လို့ ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း၊ လဝကဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း အပါအဝင် တောင်ပိုင်းတိုင်း တိုင်းမှူး နဲ့ အခြားအကျိုးတော်ဆောင်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ကေအန်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တွေ့ဆုံချိန် မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ်ကလည်း ဆွေးနွေးပွဲကိုသွားရောက်ခဲ့ပြီး ကေအန်ယူနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။
“အစည်းအဝေးပြီးမှ မစ္စတာ ဂျင်ဝက်ဘ် ရောက်လာပြီးတော့ ကျမတို့နဲ့ နှုတ်ဆက်တွေ့ဆုံခဲ့ပါတယ်။ သူက အစိုးရကိုယ်စားလှယ်အနေနဲ့ လာတာမဟုတ်ဘူး။ သူ့ရဲ့သီးသန့်ခရီးစဉ်လည်းဖြစ်တယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အပါအဝင် နိုင်ငံတော်အစိုးရ အဖွဲ့ဝင်တချို့နဲ့ တွေ့ဖို့ ခရီးစဉ်ပဲဖြစ်တယ်။ အစိုးရကို ကိုယ်စားပြုပြီး လာတာမဟုတ်ဘူးဆိုတာကို သူကပြောတယ်။ ဒါပေမယ့် ကျမတို့ ကေအန်ယူ ငြိမ်းချမ်းရေးခရီးစဉ်ကို စိတ်ဝင်စားမှု ရှိပြီးတော့ အကောင်းဆုံး ဖြစ်စေဖို့ သူမျှော်လင့်တဲ့အကြောင်း ပြောသွားပါတယ်။”
ကေအန်ယူအဖွဲ့ဟာ ၈ ရက်နေ့က နှစ်ဖွဲ့ခွဲပြီး ပဲခူးမြို့မှာ တဖွဲ့တွေ့ဆုံခဲ့သလို တနသင်ာရီတိုင်း မြိတ်၊ ထားဝယ်ကို တဖွဲ့သွားရောက်ခဲ့ပါတယ်။ တနသင်ာရီတိုင်း မြိတ်၊ ထားဝယ်ဘက်ကို ရောက်ရှိနေတဲ့ ပဒိုစောကွယ်ထူးဝင်းနဲ့အဖွဲ့ကလည်း မနေ့က တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သလို မြိတ်၊ ထားဝယ်မှာလည်း ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့ပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းမှူးအပါအဝင် အစိုးရအဖွဲ့တွေနဲ့ နှစ်ဘက်တွေဆုံဆွေးနွေးပြီး ရွာပုန်းရွာရှောင်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စနဲ့ အပစ်အခတ်ရပ်စဲမှု အသေးစိတ်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပဒိုကွယ်ထူးဝင်းက ရှင်းပြပါတယ်။
“ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အိုင်ဒီပီကိစ္စ၊ ပြန်လည်ထူထောင်ရေးကိစ္စတွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး အကောင်အထည်ဖော်ဖို့၊ မြေယာနဲ့ပတ်သက်တဲ့ ကိစ္စ၊ အပစ်အခတ် ရပ်စဲရေး မူဝါဒ သဘောတရား ပိုခိုင်မြဲအောင် နားလည်မှု ရအောင် အောက်ခြေမှာ မူဝါဒတွေ တိတိကျကျ မရှိသေးတဲ့အပေါ် နားလည်မှုယူတာပေါ့။ ကျနော်တို့ သွားလာတဲ့အခါမှာ ဘယ်လိုများ အသိပေးရမယ်။ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကျတော့ ဒီဆက်ဆံရေးရုံးကနေ တဆင့်အကြောင်းကြားပြီး သွားလာဖို့ အတွက် သဘောတူညီမှုရခဲ့ပါတယ်။”
ဒီနေ့မှာ သူတို့အဖွဲအနေနဲ့ မြိတ်၊ ထားဝယ်မှာရှိတဲ့ ကရင်လူထုအဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကေအန်ယူ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ဟာ ဧပြီ ၄ ရက်နေ့ကစပြီး အစိုးရနဲ့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှု ခရီးစဉ်ကို စတင်ခဲတာဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့မှာတော့ အဖွဲ့ဝင် အများစု ထိုင်းနယ်စပ်ကို ပြန်လည်ရောက်ရှိလာကြပါတယ်။
ခရီးစဉ်အတွင်း အန်အယ်လ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီအဖွဲ့အစည်း တွေနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံတကာ သံတမန်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အစိုးရနဲ့ ဆွေးနွေးမှုမှာတော့ ပြည် ထောင်စုနဲ့ ပြည်နယ်၊ တိုင်းအဆင့်က အပစ်အခတ်ရပ်စဲရေးအသေးစိတ်ကို ဆွေးနွေးခဲ့သလို ကျောက်ကြီးနဲ့ မြိတ်မြို့မှာ ဆက်ဆံရေးရုံးနှစ်ရုံးဖွင့်လှစ်ခဲ့ပါတယ်။
0 comments:
Post a Comment